#Author_ဆရာမင်းလူ
အားလပ်ချိန်လေးတွေမှာ ပျော်စရာရသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးဖြတ်သန်းချင်တဲ့သူတွေဆိုရင်တော့ ဒီစာအုပ်လေးကိုဖတ်ကြည့်သင့်ပါတယ်။ စာအုပ်ထဲမှာက ဝတ္တုတို(၄)ပုဒ်ပဲပါတဲ့အတွက် ကျွန်တော့်လိုစာဖတ်ပျင်းတဲ့သူတွေ ဒါမှမဟုတ် စာဖတ်ဖို့သီးသန့်အချိန်မပေးနိုင်တဲ့သူတွေအတွက်လည်း ဖတ်လို့အဆင်ပြေနိုင်မယ့်စာအုပ်လေးပါပဲ။ ပျော်ရွှင်စရာဟာသပေါ့ပေါ့ပါးပါးလေးတွေနဲ့ ဗဟုသုတလေးတွေကို ဝတ္တုတစ်ပုဒ်ချင်းစီတိုင်းမှာ ခံစားတွေ့ရှိရမှာပါ။ စာအုပ်ထဲမှာပါဝင်တဲ့ ဝတ္တုလေးတွေကတော့-
(၁)နေပူမိုးရွာ
(၂)ကူညီပါရစေ
(၃)ဘုန်းကြီးပါးစပ်
(၄)ဒုံရင်း ဒုံရင်း - တို့ပဲဖြစ်ပါတယ်။
(၁)နေပူမိုးရွာ
သူခိုးတွေအချင်းချင်း
သူတို့တွေရဲ့အတွေ့အကြုံမဟာစွန့်စားခန်းကြီးတွေကို ဖလှယ်ကြရင်း ထွက်ပေါ်လာတဲ့ သူခိုးအသီးသီးရဲ့
အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေအကြောင်းကို ပျော်ပျော်ပါးပါးဖတ်ရှုရမှာပါ။ ဖတ်ပြီးသွားတဲ့အခါ second generation သူခိုးတွေရဲ့အံ့မခန်းခိုးဝှက်ခြင်းအတတ်ပညာတွေကိုလည်း အချိန်ခဏလေးအတွင်းမှာ
သိရှိသွားဦးမှာပါ။ အဲဒါအပြင် ဝတ္တုရဲ့အဆုံးသတ်ထားပုံကလည်း သဘောကျစရာလေးမို့ ဖတ်ကြည့်သင့်ပါတယ်။
(၂)ကူညီပါရစေ
မင်းသားကိုနေတိုးရဲ့အောင်ဘာလေရုပ်ရှင်ကားကိုတော့
တော်တော်များများသိကြမယ်ထင်ပါတယ်။ ရုပ်ရှင်ကားပြန်ရိုက်ထားတဲ့ အောင်ဘာလေဇာတ်လမ်းက လုံးချင်းဝတ္တုအဖြစ်ထုတ်ဝေခဲ့တဲ့
စာအုပ်ရဲ့ဇာတ်လမ်းဖြစ်ပြီး အခုဇာတ်လမ်းကတော့ ငွေတာရီမဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရတဲ့
ဝတ္တုလေးကပါ။
အောင်ဘာလေရုပ်ရှင်ဇာတ်ကားထဲကလိုပါပဲ ဒီဝတ္တုထဲမှာလည်း လူတကာကိုစေတနာအပြည့်နဲ့ကူညီတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့
ကမောက်ကမအဖြစ်အပျက်တွေကို ဝတ္တုအစကတည်းကိုက ရယ်မောပျော်ရွှင်စွာခံစားရမှာဖြစ်ပြီး ဖြူစင်တဲ့စေတနာတရားရဲ့အကျိုးပေးကောင်းပုံကိုဖော်ပြချင်တဲ့
ဆရာမင်းလူရဲ့အရေးအသားကိုလည်း ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။ တစ်ခါမှမဖတ်ဖူးသေးတဲ့သူဆိုရင်
ကြိမ်းသေရယ်မောရမယ့် ဝတ္တုလေးမို့ ဖတ်ကြည့်ရင် တကယ်ကိုပျော်စရာကောင်းမှာပါ။
(၃)ဘုန်းကြီးပါးစပ်
ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ရဟန်းတော်တွေကိုလူတိုင်းသိကြပေမယ့်
ရဟန်းတော်တွေရဲ့ဝိနည်းနဲ့ပတ်သက်ပြီး ကောင်းကောင်းကြီးနားလည်ထားတဲ့သူဆိုတာ ဒီနေ့ခေတ်မှာဆိုရင်
အတော်ကိုရှားပါးနေပါပြီ။ ဒီဝတ္တုတိုလေးထဲမှာတော့ ရဟန်းတော်တွေစောင့်ထိန်းလိုက်နာရတဲ့
ဝိနည်းတော်တွေနဲ့ပတ်သက်ပြီး လူဝတ်ကြောင်တွေနဲ့ရဟန်းတော်တွေရဲ့အကြားက ဗဟုသုတရစရာဖြစ်ရပ်လေးတွေကို
ရယ်စရာလေးတွေနဲ့ရောနှောပြီးဖတ်ရှုရမှာပါ။ ဝိနည်းတော်တွေနဲ့ပတ်သက်ပြီးနက်နက်ရှိုင်းရှိုင်းဖော်ပြထားတာမျိုးမဟုတ်ပေမယ့်လည်း
ဖတ်ရင်းဖတ်ရင်းနဲ့တွေးတောစရာလေးတွေပါလာတာမို့ အပျင်းလည်းပြေ အသိပညာလည်းတိုးစေတဲ့ ဝတ္တုလေးမို့
စာဖတ်ရမှာမပျင်းဘူးဆိုရင်တော့ ဖတ်ကြည့်သင့်တဲ့ ဝတ္တုတိုလေးတစ်ပုဒ်ပါပဲ။
(၄)ဒုံရင်း ဒုံရင်း
အရိုင်း၊ကင်းကောင်၊ငှက်ပျောကြော်၊ဖိုးတာ၊ရန်ပိုင်စိုး၊စုဒါလီ၊ဒေါ်ခင်တင့်၊ခင်မို့မို့အေးတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့
ဗီဒီယိုဇာတ်လမ်းကို ဝတ္တုပုံစံပြန်လည်အသက်သွင်းထားတဲ့ ဝတ္တုတိုလေးတစ်ပုဒ်ဖြစ်တဲ့အကြောင်းကို
ဆရာမင်းလူက ဝတ္တုအစမှာဖော်ပြပေးထားပါတယ်။
ဘဝမှာဘာကိုမှအလေးအနက်မထားဘဲ
စိတ်စေရာသွားလာနေထိုင်တတ်တဲ့ ဘိုကေ၊သက်ရှည်၊တက်ပု တို့ ညီအကို ၃ယောက်ရဲ့ရတနာသိုက်ရှာပုံတော်ဖွင့်ရင်း
တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို ဟာသရသမြောက်စွာရေးသားထားတဲ့ ဝတ္တုလေးတစ်ပုဒ်ပါပဲ။ တောဓလေ့အငွေ့အသက်လေးတချို့ရယ်
တောသူတောင်သားတွေရဲ့ပင်ကိုရိုးသားတဲ့စရိုက်လက္ခဏာလေးတွေကိုလည်း မြင်တွေ့ရဦးမှာပါ။ ဒီစာအုပ်လေးကိုဖတ်ရင်း
ဆုံးပါးသွားပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ သူရဲလေးကောင်မန်ဘာကြီးဦးကင်းရဲ့ပုံရိပ်တွေကိုလည်း
မျက်လုံးထဲပြန်မြင်ယောင်ရင်း ရယ်မောရင်းနဲ့ ရင်မောရမယ့် ဝတ္တုလေးမို့ ဦကင်းရဲ့ပရိသတ်တွေဆိုရင်
ဖတ်ကြည့်သင့်ပါတယ်။
စိတ်ညစ်စရာတွေကို
ခဏလေးဖြစ်ဖြစ်မေ့ဖျောက်သွားစေနိုင်တဲ့ ဆရာမင်းလူရဲ့ “ရယ်မောခြင်းလက်ကျန်”စာအုပ်လေးကို
ကျွန်တော်လက်လှမ်းမီသလောက် Book Review လေးရေးပေးလိုက်ပါတယ်။ အားလုံးလည်းဘဝအမောတွေပြေပျောက်နိုင်ကြပါစေ။
#MgMoeLu

Comments
Post a Comment